ဖျာပုံ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ရွှေဆိုင်လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများရှင်းလင်းခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
အဆိုပါရှင်းလင်းပွဲတွင် ဖျာပုံမြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူခိုင်က ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များအားဆွေးနွေးပြောကြားပြီး စားသုံးသူသို့ ပြေစာများအပေါ် သတ်မှတ်အခွန်ပြေစာ အမှတ်တံဆိပ်အပြည့်အဝ ကပ်နှိပ်ရောင်းချကြရန်နှင့်ကပ်နှိပ်ရန်ပျက်ကွက်ခြင်း၊ လျော့နည်း ကပ်နှိပ်ခြင်းစသည့်ပျက်ကွက်မှုများကို စိစစ်တွေ့ရှိရခြင်း၊ အထောက်အထားများဖြင့်တိုင်ကြားလာခြင်း၊ သတ်မှတ်စည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းတို့ဖြစ်ပေါ်ပါက ပျက်ကွက်မှုအလိုက် ဥပဒေ၊ စည်းမျဥ်းစည်းကမ်းပါပြဌာန်းထားသည့်အတိုင်း ဒဏ်တပ်ရိုက်ခြင်းခံရနိုင်ဖွယ်ရှိကြောင်း လုပ်ငန်းရှင်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက်အခွန်ဆိုင်ရာ ဥပဒေရှင်းလင်းပွဲသို့ တက်ရောက်လာကြသော မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)