ရွှေကျင် ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲမှူးအေးမင်းထွန်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်လျှင် အရေးယူခံရမည့်ပုဒ်မများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖြစ်ပွားနိုင်သည့်ရောဂါနှင့်ဆိုးကျိုးများအကြောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူခံရမည့် ပုဒ်မများအကြောင်း၊ လူကုန်ကူးမှုခံရလျှင် နီးစပ်ရာ ရဲစခန်းများသို့ ချက်ချင်းအကြောင်းကြားရမည့်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြော ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)