တောင်ငူမြို့ ၌ “လူငယ်ရေးရာ” အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ငူ သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကောင်းမှုတော် အခြေခံပညာမူလတန်းလွန်ကျောင်း၌  “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပသည်။

ဟောပြောပွဲ၌  တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက  “လူငယ်နှင့် စာပေ” အကြောင်းကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန  သတင်းအချက်အလက်နှင့် နည်းပညာတာဝန်ခံ ဦးစောသန်းထိုက်ကျော်က  “စားသုံးသူ ကာကွယ်ရေးအဓိ​ပ္ပါယ်၊ အခွင့်အရေးများနှင့် ဥပဒေဆိုင်ရာများ” ကိုလည်းကောင်း၊  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်သူဇာထွေးက “လူငယ်နှင့် အားကစား” အကြောင်းကိုလည်းကောင်း  အသီးသီး ဟောပြောကြသည်။

ဆက်လက်၍ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအမျိုးမျိုး၊ လူကုန်ကူးခြင်းခံရမှုမှ ဆောင်ရန်ရှောင်ရန် အချက်များ၊ ကလေးအလုပ်သမားများဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မိုးရာသီတွင် အဖြစ်များသော ရောဂါများစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်