ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၃၀၀၀ ဈေးဖြင့် ရောင်းချရ၍ စိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ

ပွင့်ဖြူ ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ ယခုနှစ်တွင် ကြက်သွန်နီစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၃၀၀၀ ဈေးဖြင့် ရောင်းချနေရ၍ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းက ကျွန်တော်ဒေသမှာစိုက်ပျိုးရေအဆင်ပြေတဲ့အတွက် အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ ကြက်သွန်နီတစ်ဧကကို အနည်းဆုံးပိဿာချိန် ၃၀၀၀ မှ ၄၀၀၀ အထိ ထွက်ရှိပါတယ်ဗျ။ ကျွန်တော်တို့ဒေသမှာ ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနဲ့ ဆောင်းရာသီမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ယခုလက်ရှိမှာ ကြက်သွန်နီဈေးက တစ်ပိဿာကို ငွေကျပ် ၃၀၀၀ ဈေးနဲ့ ရောင်းနေရတော့ ကြက်သွန်နီစိုက်ပျိုးတဲ့တောင်သူတွေ စီးပွားရေး တွက်ခြေကိုက်တယ်ဗျ။ နောက်ပြီး ကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းဟာ တစ်ဧကကို အနည်းဆုံး စိုက်ပျိုးစရိတ်က (၁၀)သိန်းကျော် လောက်ကုန်ကျမှုရှိတယ်။ ခုလို ဈေးကောင်းကောင်းနဲ့ ရောင်းချရတော့ စိုက်ပျိုးစရိတ်အရင်းအနှီးကာမိတဲ့အပြင် သီးနှံဝင်ငွေအကျိုးအမြတ်လဲရရှိလို့ လာမည့် ဆောင်းရာသီမှာ ကြက်သွန်နီစိုက်ပျိုးရေးကို တောင်သူတွေ အားထားစိုက်ပျိုးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ ဒေသခံတောင်သူ ဦးခင်မောင်ဇော်က ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်းသိရပြီး ဒေသခံတောင်သူများက ဈေးကောင်းရရှိရန် မျှော်မှန်းပြီး မိုးရာသီနှင့်ဆောင်းရာသီတွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)