ငဖဲ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အနေဖြင့် ကျွဲ၊ နွား ခွာနာလျှာရောဂါ၊ အရေပြားအကျိတ်နာရောဂါနှင့် အာဖရိကဝက် အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သရက်ပင်ကျေးရွာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးက မွေးမြူရေးတိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျွဲ၊ နွားများတွင် ကျရောက်တတ်သည့် ခွာနာလျှာနာရောဂါနှင့် အရေပြားအကျိတ်နာရောဂါဆိုင်ရာ ရောဂါလက္ခဏာများ၊ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အာဖရိကဝက် အပြင်းဖျားရောဂါများ၏ လက္ခဏာများ၊ ကူးစက်နိုင်သည့် နည်းလမ်းများနှင့် ဆောင်ရန်ရှောင်ရန် အချက်များကို ဒေသခံတောင်သူများအား အသိပညာပေးဆွေးနွေးပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျွဲ၊ နွား ခွာနာလျှာနာရောဂါနှင့် အရေပြားအကျိတ်နာရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပိုးမွှားရောဂါကာကွယ်ရေးအတွက် နွားခြံများအားပိုးသတ်ဆေးခြံဖြန်းဆေးများ ဖြန်းပေးခြင်း၊ မီးခိုးမှိုင်းတိုက်ခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)