တောင်ငူမြို့၊ အ.ထ.က(၄)၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

တောင်ငူ သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က  ကျင်းပသည်။

ရှေးဦးစွာ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးမင်းက ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ခရိုင်ပညာရေးမှူးကိုယ်စား  လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးကြူဝင်းက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုနှင့် ပတ်သက်ပြီး အမှာစကားပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု မှတ်တမ်းဗီဒီယိုဖိုင်ကိုပြသကာ ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးကြူဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝင်းသန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးအောင်၊ အ.ထ.က (၄)ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီဝင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်စန်းယုမော်တို့က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် အ.ထ.က (၄)မှ ကျောင်းသား၊ ကျောင်းသူများက ဖုံး၊ သွန်၊ လဲ၊ စစ် သရုပ်ဖော်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းကျန်းမာခြင်း၊ စုံအောင်စားကြစို့၊ သွားကိုမှန်မှန်တိုက်နှင့် လက်ဆေးကြမယ်သီချင်းတို့ဖြင့် သီဆိုသရုပ်ပြဖျော်ဖြေကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးကြူဝင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု နံရံကပ်စာစောင်များ၊ ရောဂါကာကွယ်စေသောအုပ်စုတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ၊ အင်အားဖြစ်စေသာအုပ်စုတွင် ပါဝင်သည့် ကောက်နှံ၊ သစ်ဥသစ်ဖုများ၊ အဆီအချို (သကြား၊ ထန်းလျက်)၊ အန္တရာယ်ဖြစ်စေသောအုပ်စုတွင် ပါဝင်သည့် အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာပစ္စည်းများနှင့် စားကုန်များ စသည်တို့ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)