တမူး သြဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်( ၉) နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုဆောင်ရွက်ရာတွင် တမူးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းနိုင်ဦးက ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှု ကိစ္စရပ်များကိုလည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဆရာမကြီး ဒေါ်ဇွန်အုပ်က မိခင်နို့စနစ်တကျ တိုက်ကျွေးရခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကျင်လမ်းကျိန်မှ အိုင်အိုဒင်းချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများနှင့် ကာကွယ်ခြင်း နည်းလမ်းများကိုလည်းကောင်း သားဖွားဆရာမ ဒေါ်ဝင်းရတနာကျော် ကဗီတာမင်အေ ဆေးလုံးနှင့် သံချဆေးများ တိုက်ကျွေးရခြင်း ကိစ္စရပ်များကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပြီး အသက်(၆)လမှ(၅) နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ ဆေးလုံးများနှင့် အသက် (၂)နှစ်မှ(၅) နှစ်အထိ ကလေးများအား သံချဆေးများ တိုက်ကျွေးခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အိုင်အိုဒင်းဆား၊ ကြက်ဥနှင့်ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရတနာ