ပဲခူးမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(ကတွင်းခြံ)၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူး သြဂုတ် ၂၄ 

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (ကတွင်းခြံ) ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ဖုန်းမြင့်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အချက်အလက်များ၊ ကလေးအလုပ်သမား၏ အသက်အရွယ်အပိုင်းအခြားနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်းကောင်း၊  ရုပ်သံကျွမ်းကျင်- ဒေါ်တင်မေအောင်က ကလေးအလုပ်သမားဖြစ်ရခြင်း အကြောင်းအရင်းများ၊ အသက်အရွယ်မပြည့်သည့် ကလေးအလုပ်သမားများခိုင်းစေမှုနှင့် ပတ်သတ်၍ အလုပ်ရှင်များအပေါ် အကျိုးသက်ရောက်သည့် ဥပဒေအချက်အလက်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဝေငှခဲ့ကြသည်။ 

ထို့နောက် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ စာအုပ်များနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား/သူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)