လှိုင်းဘွဲမြို့ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

လှိုင်းဘွဲ သြဂုတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ (က)ရပ်ကွက်အတွင်းရှိ  အမှတ်(၆) အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့  ရဲမှူးသိန်းထွန်းက ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအစ ဆေးလိပ်နှင့် ကွမ်းယာက ဖဆိုသည့်အတိုင်း လူကြီးများသောက်စားကြသည်ကို အတုမယူသင့်ကြောင်း၊ လှပတဲ့ဘဝကို လိုချင်လျှင် မူးယစ်ဆေးကင်းကြရမည်ဖြစ်ကြောင်းနှင့် ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်  သက်ငယ်မုဒိန်းမှုများနှင့် ပတ်သက်၍ ဆောင်ရန်၊  ရှောင်ကျဉ်ကြရမည့်    အချက်များများကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသားလူငယ်များအနေဖြင့် မိမိကျောင်းနှင့် မိမိအိမ်ပတ်ဝန်ကျင် သန့်ရှင်းစေရန်အတွက် ပလတ်စတစ်အမှိုက်များကို စနစ်တကျ သိမ်းဆည်းစွန့်ပစ်ကြရမည့်အကြောင်း၊ လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအရာများကို ဟောပြောခဲ့ပြီး၊    မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်အိအိဝေနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဒေါ်ရွက်လှခိုင်တို့က ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက်  ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့် တစ်ကိုယ်ရည်ကျန်းမာရေးအတွက် ဆောင်ရွက်ကြရမည့်နည်းလမ်းများကို   ရှင်းလင်းဟောပြောပေးခဲ့ကြသည်။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသော  မူးယစ်ဆေးဝါးများနှင့် လူမှောင်ခို၊ လူကုန်ကူးမှုအန္တရာယ်များအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)