မင်းဘူး ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် ထုံးမကြီးကျေးရွာမှ ရေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၃ နာရီအချိန်က ပေတောကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် တာဝန်ရှိသူများက ရေဘေးသင့်အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး အားပေးစကားများပြောကြားကာ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီးနောက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မန်းကျိုးကျေးရွာအုပ်စု၊ ထုံမကြီး ကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၆၀)မှ လူဦးရေပေါင်း (၁၁၀)ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန် များကို ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့ပေးထားကြောင်း၊ အဆိုပါ ရေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၂၃၁၀၀၀ ကျပ်နှင့် နှာခေါင်းစည်း (Mask)များကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။
မောင်မောင်(မင်းဘူး)