လိပ်သိုဒေသထွက် သဘာ၀ကော်ဖီမှုန့်စစ်စစ်များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ

လိပ်သို ဩဂုတ် ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှာ မိမိတို့၏ ဥယျာဉ်ခြံများတွင် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည့် ကော်ဖီပင်များကို စီးပွားဖြစ်သော် လည်းကောင်း၊ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း စိုက်ပျိုးကြရာ ထွက်ရှိလာသော ကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရရှိလျက်ရှိနေကြောင်း သိရသည်။

ကော်ဖီကြိတ်ရန် ကော်ဖီသီးများကိုပြုတ်၍ အခြောက်လှန်းကာ အစေ့ချွတ်ထုတ်ရကြောင်း၊ အခြောက်ခံထားပြီးသော ကော်ဖီစေ့များကို ပြန်၍ လှော်ပြီးမှကြိတ်ရကြောင်း၊ အမှုန့်ကြိတ်၍ ရရှိလာသော ကော်ဖီမှုန့်စစ်စစ်များကို ထုပ်ပိုးပြီး တံဆိပ်ကပ် ရောင်းချကြကြောင်း၊ ကော်ဖီမှုန့် လက်ကားတစ်ပိဿာလျှင် ကျပ် (၃၀၀၀ဝိ/-) အထိ ရောင်းချရကြောင်း ကော်ဖီမှုန့်ကြိတ်ရောင်းသူ တစ်ဦးထံမှ သိရသည်။

ကော်ဖီမှုန့်များကို လိပ်သိုမြို့ပေါ်တွင်သာမက အခြားမြို့ကြီးများသို့ ပို့ဆောင်ရောင်းချရကြောင်း၊ ကော်ဖီမှုန့်များကို သောက်သုံးရန်အတွက်သော်လည်းကောင်း လက်ဆောင်ပေးရန်အတွက်သော် လည်းကောင်း၊ ကော်ဖီဆပ်ပြာကဲ့သို့သော ဒေသထွက်ကုန်များတွင် အသုံးပြုရန်အတွက်သော်လည်းကောင်း ဝယ်ယူသုံးစွဲကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)