ပြည်မြို့ အ.ထ.က(၅)၌ လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ပြည် ဩဂုတ်  ၂၃

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရည်ချွန်များ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်သော  "လူငယ်စကားဝိုင်း" ကို ယမန်နေ့နံနက် ၁၀ နာရီက  ပြည်မြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း "ပညာတံခွန်" ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊‌ ကျောင်းသူများတက်ရောက်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက  အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးမှုစတင်ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်တို့က ညှိနှိုင်းရေးမှူး (Moderator) များအဖြစ် ဆောင်ရွက်ကြပြီး အထက(၅)ပြည် Grade-10မှ  မောင်ကောင်းမင်းဆက်က "လူငယ်နှင့်စာပေ"၊ မောင်ဟိန်းထက်ဇော်က "လူငယ်နှင့်အားကစား"၊ မအိမ့်ဝေခင်က "လူငယ်နှင့်မူးယစ်ဆေးဝါး"ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ Grade-11မှ မောင်ထက်အောင်သျှိုင်းက  "လူငယ်နှင့်သဘာဝပတ်ဝန်းကျင်"၊ မဆုရတီစိန်ဝင်းက "လူငယ်နှင့်ကျန်းမာရေး"၊ Grade-12မှ မနိုင်နိုင်ဝေက "လူငယ်နှင့်နည်းပညာ" စသည့် ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ကဏ္ဍအလိုက် ဦးဆောင်ပြောဆိုဆွေးနွေးကြသည်။

အဆိုပါ ကဏ္ဍအလိုက်ဆွေးနွေးမှုများအပေါ် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုများ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာကဏ္ဍအလိုက်  ပြန်လည်ဖြေကြားပေးကြသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဦအေးလွင်က ကျောင်းသား၊ ကျောင်းသူလေးများ၏ ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးပြီး  ကျေးဇူးတင်အားပေးစကားပြောကြားသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)