မော်လိုက် ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ကလေးများအားအသိပညာပေးသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းစုံညီခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းတွင် အထကကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းအိခိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယှဉ်လှနှင့် ဝန်ထမ်းများက “ကလေးသူငယ်အခွင့်ရေးများ”၊ “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ”၊ “ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ”၊ “ကလေးများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ” စသည့်ခေါင်းစဉ်များဖြင့် သင်တန်းတွင်ပို့ချခဲ့သည်။
ယင်းနောက် ကျောင်းသူ/ ကျောင်းသားများကလည်း သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ “ကလေးသူငယ်အခွင့်အရေးများ” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ သင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူကျောင်းသားများ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြသည်။ တစ်ရက်တာဖွင့်လှစ်သည့်သင်တန်းကို ကလေးသူငယ်အခွင့်အရေးများကို ကလေးများ သိရှိနားလည်ပြီး ဥပဒေနှင့်အညီရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများကို သိရှိနားလည်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)