နတ်မောက် ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ရွာမွန် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ခင်ခင်ပြည့်က ကျွဲနွားအရေပြား အကျိတ်နာရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံပုံ၊ ရောဂါ ကာကွယ်ရန်နည်းလမ်းများ၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ရန်နှင့် ကုသရန်နည်းလမ်းများစသည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် ကျေးရွာပြည်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ရွာမွန်ကျေးရွာအုပ်စု ကျောင်းရွာလေးကျေးရွာရှိ နွားအကောင်(၁၁၀)ကောင်အား ပေါင်ပုတ်လက်ပုတ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထို့နောက် နတ်မောက်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်၊ ဈေးသာကျေးရွာနှင့် ရွာတော်ကျေးရွာများရှိ ဝက်မွေးမြူရေးခြံများနှင့် နွားမွေးမြူရေးခြံများရှိ တိရစ္ဆာန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်အတူ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ ဦးစီးမှူးနှင့် ဝန်ထမ်းများက ဝက်နှင့် နွားများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှဝင်း