ပုလော ဩဂုတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုလောမြို့နယ် ရဲတပ်ဖွဲ့မှူးယာယီရဲမှူးဝင်းထိုက်က မူခင်းကျဆင်းရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မိုးက ဗလငါးတန်ဖွံ့ဖြိုးသော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန် လူတော်လူကောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးဟန်ကြည်က အားကစားဆိုင်ရာ အသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်းသိရသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ အထက်တန်းပြဆရာမ ဒေါ်စန်းသီတာက လက်ခံရယူခဲ့ပြီး အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားရှိသည့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ် စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)