ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ချေးငွေ ၈ ဘီလီယံကို စိစစ်ခွင့်ပြု ထုတ်ချေးပေးထားပြီး ကော်မတီဝင်များအနေဖြင့် လုပ်ငန်းအောင်မြင်မှု ရှိ/မရှိ စဉ်ဆက်မပြတ် အကဲဖြတ် စောင့်ကြည့်သုံးသပ်၍ ကြပ်မတ်ဆောင်ရွက်ပေးဖို့လိုကြောင်း၊ မိုးစပါးအပါအဝင် မိုးသီးနှံများနှင့်ပတ်သက်၍ အဓိကအားဖြင့် ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများစာရင်းကို ကောက်ယူ၍ လိုအပ်သည့် ချေးငွေများ ထုတ်ချေး ပေးနိုင်ရေး စိစစ်အတည်ပြု တင်ပြပေးစေလိုကာ စိုက်ပျိုးရေးသုံး စက်ကိရိယာများဝယ်ယူမှုနှင့်ပတ်သက်၍ ချေးငွေရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဗဟိုကော်မတီလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်ပြီး လိုအပ်သည့် အရင်းအနှီးများကို ကော်မတီအနေဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ယခင်အပတ် (၁၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ခဲ့သည့် လုပ်ငန်းများ၏ အခြေအနေ၊ မိုးစပါးစိုက်ပျိုးရာသီတွင် မြို့နယ်များအလိုက် ချေးငွေထုတ်ချေးစိုက်ပျိုးပြီးစီးမှု အခြေအနေ၊ ရေကြီးနစ်မြှုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးမှုနှင့် ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)