ရှမ်းရွာသစ်မြို့တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းရွာသစ်   ဩဂုတ်  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ကျောင်းသား/ သူလူငယ်လေးများ ပလက်စတစ် သုံးစွဲမှုဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် ပတ်ဝန်းကျင်ကိုသာမက ယင်းအမှိုက်များကို မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှုများကို ဖြစ်စေတတ်ကြောင်း၊ ပလတ်စတစ် ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသောဓာတုပစ္စည်းများကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်သည့်အပြင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ သည် သေးငယ်သော မိုက်ခရိုပလတ်စတစ်များအဖြစ် ပြိုကွဲသွားပြီး အစာကွင်းဆက်ထဲရောက်ရှိနိုင်သဖြင့် သက်ရှိများနှင့်လူသားများ ကျန်းမာရေးထိခိုက်စေနိုင်ကြောင်း၊  ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်ထိခိုက်မှုဆိုင်ရာအကြောင်းအရာများ၊ အဏ္ဏဝါအမှိုက်သရိုက် လျှော့ချရေးအတွက် တစ်ခါသုံးပလတ်စတစ်အသုံးပြုခြင်းကို လူတစ်ဦးချင်းစီအလိုက် လျှော့ချခြင်း၊ ပြန်လည်သုံးစွဲခြင်းနှင့် ပြန်လည်ပြုပြင်သုံးစွဲခြင်းဆိုင်ရာအကြောင်းအရာများကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရေးပြုစုပေး၊ ရေ၊ မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းလျှင် အကျိုးရှိမှာအမှန်ပင်၊ သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဖြင့် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြပါ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ဖျက်ဆီးခြင်းဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ၊ အမှိုက်များ၏ ဆွေးမြေ့မှုသက်တမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအကြောင်းအရာအရာများ၊ ပါဝင်သောနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူလူငယ်လေးများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။        

ဇင်လေး(ပြန်/ဆက်)