ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ကသာ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့် အမှာစကား ပြောကြားခဲ့ရာ ကွန်ပျူတာသင်တန်းသည် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချ တတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ နည်းပညာနှင့်အကျွမ်းတဝင်ဖြစ်စေရန်၊ ကွန်ပျူတာပညာရပ်ကို စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းမျိုးကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးတွင်လည်း ဖွင့်လှစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် နောင်ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီး လူငယ်လူရွယ်များ တက်ရောက်နိုင်ကြစေရန်တို့ကို ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းနည်းပြဆရာနှင့် သင်တန်းသား/ သင်တန်းသူများက မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး  အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များက ကွန်ပျူတာသင်တန်း လက်တွေ့သင်ကြားနေမှုကိုလည်းကောင်း၊ စာကြည့်တိုက်အတွင်း ကလေးစာဖတ်ခန်းခင်းကျင်းထားရှိမှုကိုလည်းကောင်း၊ (Museum)  ပြတိုက်ငယ်အတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)