မုံရွာ သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ခရိုင်အဆင့် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင်အတွင်းရှိ ပညာရှင်၊ ဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေးတွင် ခရိုင်အဆင့်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ခရိုင်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးမှ တာဝန်ရှိသူများအားလုံးအနေဖြင့် မုံရွာခရိုင်၏ အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်းနိုင်အောင် အစွမ်းကုန်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ခရိုင်ပြိုင်ပွဲများတွင် အဆင့်မြင့်ပညာ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် အခြေခံပညာအဆင့်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ယှဉ်ပြိုင်နိုင်ကြရန်လိုအပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးမှလည်း ယခင်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် ခရိုင်/မြို့နယ်များအတွင်းရှိ ရွက်ပုန်းသီးအနုပညာရှင်များအား ရွေးချယ်ဖော်ထုတ်၍ ပြိုင်ပွဲဝင်ဘာသာရပ်အသီးသီးတွင် ပြည့်စုံစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ မုံရွာခရိုင်ကိုယ်စားပြုမှသည် တိုင်းဒေသကြီးကိုယ်စားပြုအထိ အရည်အချင်းပြည့်ဝသည့် ပညာရှင်၊ ဝါသနာရှင်များအား ဗဟိုအဆင့်သို့ ရွေးချယ်စေလွှတ်နိုင်ရေးအတွက် တာဝန်ရှိသူများက အရည်အချင်းရှိသူများအား မှန်မှန်ကန်ကန် ဘက်လိုက်မှုကင်းကင်းဖြင့် ရွေးချယ်ပြီး ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ယခင်နှစ်ပြိုင်ပွဲ အတွေ့အကြုံကောင်းများအား သင်ခန်းစာယူပြီးပြိုင်ပွဲမှ သတ်မှတ်ပေးထားသည့် ညွှန်ကြားချက်များနှင့်အညီ ယှဉ်ပြိုင်သွားကြရန်နှင့် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည့် ကိစ္စရပ်များအား ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးသွားကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်အဆင့်ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များက ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပသွားမည့်အခြေအနေများနှင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက ခရိုင်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် မုံရွာခရိုင်အတွင်းရှိ ပညာရှင်၊ ဝါသနာရှင်များက မိမိတို့မြို့နယ်များအလိုက် ပြိုင်ပွဲဝင်များစုစည်းထားရှိမှုနှင့် ပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ခရိုင်အဆင့်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်အုပ်ချုပ်ရေးမှူးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)