ဖောင်းပြင်မြို့နယ်၊ မဲတင်- ၂ ကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၄) လုံး ပြောင်းရွှေ့

ဖောင်းပြင် အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ကရားကျေးရွာအုပ်စု မဲတင်-၂ ကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၄) လုံးမှာ မြစ်ကမ်းပါးနှင့်ဝေးရာသို့ ပြောင်းရွှေ့ထားရကြောင်း အုပ်စုအုပ်ချုပ် ရေးမှူး ဦးလှကျော်ထံမှ သိရသည်။

“မြစ်ကမ်းနံဘေးဖြစ်တဲ့အတွက် ရေတိုက်စားပြီးပြိုကျတာဖြစ်ပါတယ်။ ပြိုတာတော့ ညနေ ၅ နာရီဝန်း ကျင်လောက်က စပြိုတာပါ။ မြစ်ကမ်းတစ်လျှောက် ပေ ၅၀ လောက်နဲ့ အတွင်းထဲ ပေ ၃၀ လောက်တော့ ပြိုကျသွားတာဖြစ်ပါတယ်။ ကမ်းပါးပြိုကျဖို့ အချက်ပြ အက်ကြောင်းတွေ ပေါ်လာတဲ့အတွက် မနေ့က မနက်ရှစ်နာရီခွဲ ကိုးနာရီအချိန်လောက်ကစပြီး ရွှေ့ကြတာဖြစ်ပါ တယ်။ ပြိုကျတာတော့ အိမ်တစ်လုံး နေရာလောက်ပဲပြိုတာပါ။ ကျန်တဲ့အိမ်တွေကတော့ ကမ်းပါးအန္တရာယ်ကြောင့် ကြိုတင်ပြောင်းရွှေ့ ထားခြင်းဖြစ်ပါတယ်။လူနဲ့တိရစ္ဆာန်တော့ ထိခိုက်ပျက် စီးမှုတော့မရှိပါဘူး”ဟု ၎င်းကပြောသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျလာမှုကြောင့် ကာလတန်ဘိုး ငွေကျပ် သိန်းသုံးဆယ်ခန့် နေအိမ် တစ်လုံး၊ ငွေ ကျပ်တစ်ဆယ်သိန်းခန့် နေအိမ် သုံးလုံးဖျက်သိမ်းထားရကြောင်း၊ ဘေးသင့် အိမ်ခြေများကို မြစ်ကမ်း ပါးနှင့်ဝေးရာ ဘုရားတောင် ကုန်းပေါ်တွင် ပြောင်းရွှေ့ နေရာချထားပြီး ထိုသို့ပြောင်းရွှေ့ရာတွင် ကျေးရွာအုပ်စုများမှ လူဦးရေ တစ်ရာဝန်းကျင်ခန့် ဝိုင်းဝန်း ကူညီပေးခဲ့ကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)