ပြည် ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် “ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ” အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ပြုလုပ်သော အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဆန်းဌေးနှင့် ပြည်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဇော်စိုးဝင်းထွန်းတို့က မော်တော်ဆိုင်ကယ်နှင့်မော်တော်ယာဉ်များမောင်းနှင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ယာဉ်မမောင်းမီ ကြိုတင်စစ်ဆေးဆောင်ရွက်ရမည့် အချက်များအကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ရပ်များအကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ သတိပေးသင်္ကေတနှင့် လမ်းညွှန်သင်္ကေတများအကြောင်း၊ ယာဉ်တိုက်မှုနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ပါဝါပွိုင့်များဖြင့် အကျယ်တဝင့် အသိပညာပေး ဆွေးနွေးဟောပြောသည်။
ယင်းအသိပညာပေးဟောပြောပွဲသို့ ပြည်တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် (သင်ကြား/စီမံ)ဌာနမှူးများ၊ ပါမောက္ခများ၊ မော်ကွန်းထိန်း ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၆၅၀ ခန့်တက်ရောက်ပြီး တက်ရောက်လာကြသူများကို ပြည်မြို့ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)