ရေတာရှည် သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီ အချိန်က သပြေတန်ကျေးရွာ တောင်သူဦးလင်း၏ လယ်မြေ၌ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြပွဲတွင် ရေကြီးနစ်မြုပ်ခံရပြီး ပြန်လည်ပေါ်လာသော စိုက်ပျိုးမြေ ပြန်လည်ထူထောင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်အားနှင့်လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာ လိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသော ပျိုးပင်များ ရရှိခြင်း၊ ပင်ပွားနှုန်းနှင့် စပါးအထွက်နှုန်းကောင်းခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)