ကြံခင်း ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် အဖွဲ့ဝင်များက ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနေကြာစိုက်ပျိုးရေးတောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။
ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က သင်တန်းသားများအား မိုးနေကြာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး အတွက် (၂၀၂၃-၂၀၂၄) စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ မိုးနေကြာအထွက်နှုန်း မြင့်မားစေရေးအား ရည်မှန်းချက်ထားဆောင်ရွက်ကြဖို့နှင့် တောင်သူများ၏ လိုအပ်ချက်၊ စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေး သုတေသနပညာရှင်များ သင်တန်းပို့ချမှုအား မှတ်သား ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားပြီးနောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်မောင်မြင့်က မိုးနေကြာနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်အတွင်းရှိ အုပ်စု(၃၅)အုပ်စုမှ မိုးနေကြာ စိုက်ပျိုးတောင်သူများအား ဧရာဝတီမျိုးစေ့ (Super Sun 41) အရည်အသွေးမြင့် နေကြာစပ်မျိုးစေ့များကို ဝန်ကြီးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ကြသည်။ သင်တန်းဖွင့်ပွဲသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထို့နောက် သင်တန်းစတင်ရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်သုတေသနအရာရှိ Dr.ဒေါ်နန်းပပဝင်းက နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်နည်းနှင့် မျိုးသန့်စနစ်တကျ ထိန်းသိမ်းနည်းများအကြောင်းနှင့် မျိုးစေ့ဌာနစိတ် (ရုံးချုပ်) နေပြည်တော်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမြိုင်က နေကြာပန်းတိုင်အထွက်နှုန်း ရရှိရေးနည်းပညာအကြောင်းများကို ဆွေးနွေးပို့ချကြရာ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၅)အုပ်စုမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ စုစုပေါင်း(၂၅၁)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)