ဝန်းသို ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဝန်းသို)၊ မြတ်ဆရာခန်းမ၌ ဩဂုတ်လ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ချိုချိုမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခွင်ကြည်က ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားကျောင်းသူ လူငယ်လေးများပေါ်ထွန်းလာစေရန်နှင့် အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့်သူများ ဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်းကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခွင်ကြည်ကဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ Grade-12(A)မှ မခင်ယုလွင်နှင့် Grade-11(A)မှ မခင်မို့မို့စံတို့က လူငယ်နှင့် ဝါသနာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12(A)မှ မောင်ဟိန်းလင်းအောင်နှင့် Grade-11(B)မှ မောင်အောင်ပိုင်ဦးတို့က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ချိုချိုမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခွင်ကြည်၊ အ.ထ.က(ဝန်းသို) ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးမော်နှင့် ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၄၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်/စာစောင်များကို ပြသခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)