ဖျာပုံ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာတွင် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုတက်စေပြီး မိသားစုဝင်ငွေတိုးတက်ရရှိစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့နံနက်(၁၀) နာရီအချိန်က ငွေတောင်စံပြကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဇင်မာထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဘိုကလေးမြို့နယ် သကံဝကျေးရွာအုပ်စု၊ ငွေတောင်စံပြကျေးရွာမှ သင်တန်းသူ(၁၀)ဦးဖြင့် ပထမအကြိမ်အဖြစ် (၂၂..၈.၂၀၂၃)မှ (၂၀.၉.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယအကြိမ်မွမ်းမံသင်တန်းကို (၁၅)ရက်ကြာထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူ(၅)ဦးအားရွေးချယ်၍ အသေးစားကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်စေရန်အတွက် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်နှင့်ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)