ထားဝယ် ဩဂုတ် ၂၃
“လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု တိုင်းဒေသကြီးအဆင့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအနေဖြင့် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများကို (၁၉၅၄) ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သောကြောင့် ယခုနှစ်တွင် နှစ်ပေါင်း(၆၉)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်အနေနှင့် သာမက တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် မြို့နယ်များမှာပါ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်စဉ် ဩဂုတ်လ၏ပထမပတ်သည် ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လည်း ဖြစ်ကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကိုငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကိုကို ယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအဖြစ်သတ်မှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သော “လုပ်ငန်းခွင်ဝင်မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့”နှင့်အညီ လုပ်ငန်းခွင်မှ မိခင်များလုပ်ငန်းခွင်မပျက် မိခင်နို့ တစ်မျိုးတည်းကို(၆)လ အထိတိုက်ကျွေးနိုင်ပြီး ကလေးအသက်(၆)လပြည့်သည့်အခါတွင် သင့်လျော်ရာ ဖြည့်စွက်စာကျွေးရန် အနည်းဆုံးကလေးအသက်(၂)နှစ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးနိုင်ရန် မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မူဝါဒရေးဆွဲသူများက ဝိုင်းဝန်းကူညီရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ဦးတည်ချက်(၁၂)ရပ်ထဲက လူမှုရေးဦးတည်ချက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး ပါဝင်သောကြောင့် ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်သောအနာဂတ်လူချွန် လူကောင်းများပေါ်ထွက်လာစေရန် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာ တွင်ကျယ်လာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဗီဒီယိုအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုအားပေးပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ပိုစတာပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသန့်ဇင်က ပန်းချီပြိုင်ပွဲတွင်ဆုရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က စံပြနို့တိုက်မိခင်ဆုရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက အသက်(၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံး တိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် လက်ဆောင်များပေးအပ်ကာ မြို့တော်ခန်းမအတွင်း ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)