ဇလွန် သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သဖန်းကုန်းကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာရှိ တိရစ္ဆာန်များအား ယနေ့မွန်းလွဲ ၁ နာရီတွင် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာလေးမွန်ကြည်က သဖန်းကုန်းကျေးရွာရှိ ပြည်သူများအား တိရစ္ဆာန်များတွင်ဖြစ်ပွားတက်သော ရောဂါများအကြောင်း အသိပညာပေးဟောပြော၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ယင်းနောက်ကျွဲနွားကာကွယ်ဆေးများထိုးနှံပေး၍ မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝက်များအားအခမဲ့ ဆေးကုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဇလွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (၁၅.၈.၂၀၂၃) ရက်နေ့မှ (၃၀. ၈.၂၀၂၃)ရက်နေ့အထိ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ်သတ်မှတ်၍ ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာနှင့် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချူပ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)