ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်း အခမဲ့ ဖွင့်လှစ်

ဖျာပုံ သြဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အလှပြင်သင်တန်း ဖွင့်လှစ်ရခြင်းမှာ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများ၏ ဘဝအသက်မွေးဝမ်းကျောင်းမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်းဌာနအနေဖြင့် အမျိုးသမီးများ ဒေသတွင်း အလုပ်အကိုင်များရရှိရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန်၊ အိမ်တွင်းမှုကျောင်းဖွံ့ဖြိုးတိုးတက်ပြီး အမျိုးသမီးများ ဘဝဖွံ့ ဖြိုးတိုးတက်စေရန်၊ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ် ကြောင်းပြောကြားပြီး PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim က အလှပြင်သင်တန်းဖွင့်လှစ်နိုင်ရေး ထောက်ပံ့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းအနေဖြင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အလှပြင်သင်တန်း၊ စက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်း၊ မုန့်လုပ်နည်းသင်တန်းများ အခမဲ့သင်ကြားပို့ချပေးလျက်ရှိပြီး အလှပြင်သင်တန်းကို သင်တန်းသူ (၁၀)ဦးဖြင့် တစ်နှစ်လျှင် (၅)ကြိမ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သိရှိရသည်။

အောင်ဝင်းနိုင်