ငါးသိုင်းချောင်း သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်း မြို့တွင် မိုးရာသီကာလ မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီ(၃၀)မီးနစ်အချိန်က ငဝန်တာ-တာမိုင် ၄၆/၀(ဗောဓိကုန်းရေကင်းစခန်းအနီး)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြိုနယ်ဦးစီးအရာရှိ ဦးဝင်းမော် ကရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝင်းမော်က တာတမံများ၏ အရေးပေါ်အခြေအနေဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်း ဆင့်ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ်စောင့်ရှောက်ရမည့် နည်းလမ်းများကို တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို သိရှိနားလည်စေရန် လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မိုးရာသီရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်းအခမ်းအနားသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)