ကျိုက်လတ် ဩဂုတ်၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်၈:၃၀အချိန်က ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ၊ တောင်သူဦးအေးမင်းထွန်း၏ မျိုးစပါးသန့်စင်ထုတ်လုပ်သည့်နေရာတွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က မြို့နယ်အတွင်း မိုးစပါး(၁)ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးနိုင်ရေးနှင့်ဆီဖူလုံစေရေးအတွက် နေကြာစနစ်တကျ တိုးချဲ့စိုက်ပျိုးစေရေးတို့ကို ပြောကြားခဲ့သည်။ကျိုက်လတ်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က မြို့နယ်အတွင်း ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေးဆိုင်ရာများနှင့်လယ်ယာကဏ္ဍလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်ဖုန်းက စိုက်ပျိုးရေးဆောင်ရွက်ရာတွင် အကျိုးများစွာဖြစ်ထွန်းစေမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည့်အကြောင်းအရာများကိုလည်းကောင်း တင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)