ဘားအံမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ရေးလှုပ်ရှားမှု ဆောင်ရွက်

ဘားအံ ဩဂုတ် ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်း တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများ၊ မွေးမြူရေးဇုန်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုန်တွင် အသိပညာပေးလုပ်ငန်းများနှင့် တိရစ္ဆာန်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဒေါက်တာ ခင်ငယ်အောင်က ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်များတွင် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ကုသရေး နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး အဆိုပါမွေးမြူရေးဇုန်အတွင်းရှိ မွေးမြူရေးခြံများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများက ဇုန်အတွင်း မွေးမြူထားသော တိရစ္ဆာန်များအား  ရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြသည်။

တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အနေဖြင့် ဘားအံမြို့နယ်အတွင်း နွားကောင်ရေ ၈၂၀ ကောင်၊ ဝက်ကောင်ရေ ၁၅၀ ကောင်နှင့် ဒေသကြက် ၂၀၀၀ ကောင်တို့ကို ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)