အထက်မင်းလှ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ) အသုံးပြု၍မိုး စပါးစိုက်ပျိုးခြင်း၊ ဝါသီး နှံစိုက်ပျိုးခြင်းများကိုမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့်အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်(၃)နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်၊ ပန်းတော်ပြင်ကျေးရွာနှင့် သပြေတော ကျေးရွာတို့တွင် တောင်သူများစိုက်ပျိုးထားသော မိုးစပါးစိုက်ကွင်းများနှင့် ဝါသီးနှံစိုက်ခင်းများ တွင်ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့်ဆိုလာရေ တင်စနစ်(မြေအောက်ရေ) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်း၊ ဝါသီးနှံစိုက်ပျိုးခြင်းတို့တွင် စိုက်ပျိုးရေလုံလောက်စွာရရှိ စေရန်အတွက် တောင်သူများ၏ လယ်ယာမြေများအတွင်း၌ ဆိုလာစနစ်ဖြင့်စိုက်ပျိုး ရေရရှိရေး ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ မြေအောက်ရေတွင်းကို 550W ဆိုလာသုံးချပ် တပ်ဆင်ပြီး နေရောင်ခြည်စွမ်းအင်သုံးဆိုလာမှ လျှပ်စစ်မီး 1.6KWထွက်ရှိကာ မြင်းကောင်ရေ 1.5hp မော်တာအသုံးပြု၍ စိုက်ပျိုးရေရှိအောင် ကူညီဆောင်ရွက်ပေးထားကြောင်း မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ မှသိရသည်။
မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးအတွက် တောင်သူ(၃)ဦးပါအဖွဲ့တစ်ဖွဲ့လျှင် ချေးငွေကျပ်(၇.၀၅)သန်းထုတ်ချေးပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနိုင်ငံ့စီးပွားမြှင့် တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ်(မြေအောက်ရေ) အသုံးပြု၍မိုးစပါးစိုက်ပျိုးခြင်း၊ ဝါသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့များကကွင်း ဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)