ပခုက္ကူမြို့၌ သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား

ပခုက္ကူ ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန (CICC)ခန်းမ၌ ဖွင့်လှစ်သင်ကြားသည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်(သင်တန်းနည်းပြ)က သတင်း၏ အဓိပ္ပါယ်၊ သတင်းအမျိုးအစားများ၊ သတင်းစာနှင့် ဆောင်းပါးရေးသားနည်း၊ သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးမှုဆိုင်ရာ သိကောင်းစရာအကြောင်းများ၊ အင်တာဗျူးအစီအစဉ်ရိုက်ကူးရာတွင် လိုက်နာရ မည့်အချက်များအကြောင်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂ ဦးကီးလိန်းဖေက Video Editing Application များဖြင့် သတင်းဓာတ်ပုံနှင့် ဗီဒီယိုများ တည်းဖြတ်နည်းနှင့် စနစ်တကျဖန်တီးပြုလုပ်နည်း၊ ဗီဒီယိုတည်းဖြတ်ရာတွင် လိုက်နာရမည့်အချက်များအကြောင်းတို့ကို သင်ကြားပို့ချပေးရာ သင်တန်းသား၊ သင်တန်းသူများက သတင်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်းလုပ်ငန်းများ ‌လက်တွေ့ဆောင်ရွက်ကြသည်။

အဆိုပါသင်တန်းကို ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားလာစေရေးနှင့် အရည်သွေးကောင်းမွန်သည့် သတင်းဓာတ်ပုံနှင့် ဗီဒီယိုဖန်တီးနိုင်ရေး၊ သတင်းတု၊ သတင်းမှားများ ခွဲခြားသိမြင်နိုင်စေရေးနှင့် ပြည်သူလူထူများထံသတင်းမှန်များ လွှမ်းခြုံအသိပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်မှ ၂၃ ရက်အထိ သင်တန်းကာလ ၂ရက်ကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း (၁၉)ဦး တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)