ဘားအံမြို့တွင် လူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ ဩဂုတ် ၂

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များအတွင်း စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာငှားဝန်ဆောင်မှုများကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများတွင် နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ ရွေ့လျား မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်ပေါင်း (၁၈၀)အုပ်   သွားရောက်ငှားရမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများအနေဖြင့် ပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရွေ့လျားမော်တော်ယာဉ်ကိုအသုံးပြု၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်ရုံးမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)