ကန့်ဘလူ ဩဂုတ် ၂၂
လူငယ်များ၏ စွမ်းဆောင်ရည်များကို အားပေးမြှင့်တင်ခြင်းနှင့်လူငယ်များ၏ အတွေးအခေါ်အယူအဆများကို ပြောဆိုခွင့်ရရှိစေရေးအတွက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို ကျင်းပပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အ.ထ.က( ၂) ထာဝရ ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်မင်းမင်းသန်းက မိတ်ဆက်စကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ဦးဆောင်ဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး အ.ထ.က(၂)မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး စသည့်ခေါင်းစဥ်များအလိုက် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ကျောင်းအကျိုးတော်ဆောင်များ၊ အ.ထ.က(၂)ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၅၅) ဦးတို့တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)