ထန်းတပင်မြို့နယ်၌ အသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင်(ပဲခူး) သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးချစ်ကိုကိုမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ် (တောင်ငူ)ဒုရဲမှူးဇော်ထူးအောင်က လူကုန်ကူးမှုနှင့်ပတ်သက်သောအကြောင်းအချက်များ၊ လူကုန်ကူးရောင်း၀ယ်မူအခြေအနေနှင့်အမျိုးအစားများ၊ လူကုန်ကူးမူကာကွယ်‌‌ရေးဥပဒေမှပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီကာကွယ်ရာတွင် ပြည်သူများမှအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှုအန္တရာယ်မှကင်းဝေးကြစေရန်စသည်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍မြို့နယ်ဥပဒေအရာရှိဒေါ်သက်မွန်ကျော်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအကြောင်း၊ စာရေးဆရာ(ထန်းတပင်)စန်းလွင်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်များအကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး အဆင့်(၁)သူနာပြုဆရာမကြီးဒေါ်အိအိဝင်းက အတက်ရောဂါများနှင့်သွေးလွန်တုပ်ကွေးရောဂါများအကြောင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်စီစီစိုးဦးမှ လူငယ်နှင့်အနာဂါတ်များအကြောင်းတို့ကို အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကျန်းမားရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)