ခန္တီး ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါမိုင်းမူလွန်ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါမိုင်းမူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမြစိန်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ စိတ်ကူးဉာဏ်များ ရင့်သန်စေရန်နှင့်ပြောရဲဆိုရဲသည့် သတ္တိများ ရှိစေရန်ရည်ရွယ်၍ ဟောပြောများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းနုက သဘာဝဘေးကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်/ဆက်ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကေကေနိုင်က လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ကလေးအလုပ်သမား ပပျောက်ရေးခေါင်းစဉ်များဖြင့် ဗဟုသုတဖြစ်ဖွယ်ရာ အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာတွင် ဆွေးနွေးဟောပြောသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များနှင့် အခြားစိတ်ဝင်စားမည့် စာအုပ်များလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေးခိုင်(ပြန်/ဆက်)