မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပသွားမည်

မင်းဘူး ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြိုင်ပွဲအမျိုးအစား စုံလင်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယခင်နှစ် ကျင်းပခဲ့မှုအပေါ် အားနည်းချက်များကို အဖြေရှာ၍ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ အားလုံးက ယခုနှစ် ပြိုင်ပွဲကြီးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရိုင် အဆင့်ပြိုင်ပွဲ ကျင်းပပြီးစီးပါက တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်အဆင့်ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ/ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဆိုပါအစည်းအဝေးတွင် ပြောကြားသည်။

မင်းဘူးခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ကျင်းပပြုလုပ်ရန် လျာထားပြီး ခရိုင်အဆင့်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲနှင့် စေတုတ္တရာမြို့နယ်များမှ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားနှင့် ပြိုင်ပွဲဝင်သူများ၏ စာရင်းကို စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)