ကလိန်အောင် ဩဂုတ် ၂၂
မိုးသည်းထန်စွာရွာသွန်းပြီးရေတိုက်စားမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာရှိ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၅၁/၈)ဖာလုံကြားတွင် ရေတိုက်စားပြီး သံကူကွန်ကရစ်တံတားလမ်းပိုင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်လျက်ရှိရာ ယာဉ်သွားလာမှုများ ယာယီရပ်ဆိုင်းထားရကာ အဆိုပါလမ်းပိုင်းကို ဩဂုတ် ၂၂ ရက် နံနက် ၇ နာရီကစတင်၍ နေ့ချင်းအမြန်ဆုံးပြီးစီးအောင် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ကလိန်အောင်မြို့ လမ်းအထူးအဖွဲ့(၂၃)မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားသော သံကူကွန်ကရစ်တံတားလမ်းပိုင်းကို ထားဝယ်မြို့ တံတားတည်ဆောက်ရေးအဖွဲ့(၄)၊ လမ်းအထူးအဖွဲ့(၂၃)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်လင်းကကြီးကြပ်၍ မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များလမ်းပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှုရပ်တန့်မသွားဘဲ အမြန်ဆုံးလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်အောင် နေ့ချင်းပြီးစီးအောင် ပြုပြင်ဆောင်ရွက်နေကြောင်း သိရသည်။
ရေး-ထားဝယ်သွားလမ်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိတဲ့ သံကူကွန်ကရစ်တံတားလမ်း ပြိုကျသွားတဲ့လမ်းပိုင်းကို စဘတ်စ်ဟိုး၊ ကျောက်သည်ကားနဲ့ လူအင်အားဖြင့် စတင်ပြီး အမြန်ဆုံးပြီးစီးအောင် ပြုပြင်ဆောင်ရွက်နေပါတယ်၊ နေလည်ပိုင်းလောက်ကျရင် မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များအားလုံး ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလို့ရပါပြီး ဟု ကလိန်အောင်မြို့ လမ်းအထူးအဖွဲ့(၂၃)မှ ဦးစီးအရာရှိ (မြို့ပြ) ဦးဉာဏ်ထွန်းအောင်မှ ပြောသည်။
အဆိုပါ လမ်းပိုင်းသည်ဩဂုတ်(၂၁)ရက် ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သံကူကွန်ကရစ်တံတား အရှည်(၁၅)ပေ၊ အကျယ်(၁၈)ပေလမ်းအပိုင်းပြိုကျမှုဖြစ်ပွားခဲ့ပြီး လမ်းများပိတ်ဆို့ခြင်း၊ လမ်းပြတ်သွားခြင်းများဖြစ်ပေါ်ခဲ့ရာ မော်တော်ယာဉ်ကြီး/ ယာဉ်ငယ်များလမ်းပိတ်ဆို့ကာ ဖြတ်သန်းသွားလာမရခဲ့သော်လည်း ယနေ့ဩဂုတ်(၂၂)ရက်၊ နေ့လယ်(၁၁)နာရီခွဲအချိန်က ယဉ်ကြီး/ယဉ်ငယ်များပြန်လည်ဖြတ်သန်းသွားလာ၍ရရှိခဲ့ကြောင်းသိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)