ပေါင်းတည်၌ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေး ရေနုတ်မြောင်းများ ပြုပြင်ဖောက်လုပ်

ပေါင်းတည် သြဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရေကြီးရေလျှံနှင့် ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ရေစီးရေလာ ကောင်းမွန်စေရန် မြို့တွင်းရှိ ရေထုတ်မြေသားမြောင်းကြီးများအား ယနေ့နံနက်ပိုင်းက ဆက်လက်ပြုပြင်ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေတူးစက်များဖြင့် ပြုပြင် ဖောက်လုပ်လျက်ရှိကြောင်းသိရသည်။ မိုးရွာသွန်းမှုများသောအချိန်များတွင် ပဲခူးရိုးမတောင်ကျချောင်းရေများကြောင့် မြို့နယ်အတွင်းရှိ မင်းကွက် (၁)ရပ်ကွက်နှင့် သဖန်းပင်ဆိပ်ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသော လှေဆိုင်ချောင်းရေသည် ရေကြီးရေလျှံဖြစ်ပေါ်လေ့ရှိပြီး  ချောင်းအနီးရှိ လူနေအိမ်များ၊ အခြေခံပညာအထက်တန်းကျောင်းဝန်း အပါအဝင် ရန်ကုန်-ပြည် ကားလမ်းတစ်လျှောက်တို့တွင် ရေလွှမ်းမှု၊ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း မြို့ခံပြည်သူလူထုထံမှသိရသည်။

အဆိုပါကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုလုပ်ငန်း ပြီးစီးပါက ရေစီးရေလာ ကောင်းမွန်လာပြီး  နှစ်စဉ် ရေကြီးရေလျှံမှုအန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)