ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပခုက္ကူ ဩဂုတ် ၂၂

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။

အသိပညာပေးနွေးဆွေးပွဲတွင် ပခုက္ကူခရိုင်အဆင့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက နိုင်ငံဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို စနစ်တကျလိုက်နာရန်လိုအပ်ပြီး အများပြည်သူလူထု၏ တုံ့ပြန်ချက်များအပေါ်ဝန်ဆောင်မှုလုပ်ငန်းအစီအစဉ်များကို အလေးထားဆောင်ရွက်ရန်၊ မိမိဌာနလုပ်ငန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်အကဲဖြတ်သုံးသပ်သည့် လုပ်ငန်းစဉ်များဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်အဆင့်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ ခရိုင်ဥပဒေအရာရှိ ဦးမျိုးမြင့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများနှင့်ဆိုးကျိုးများ၊ အဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များ၊ မဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးကိစ္စရပ်များအကြောင်း ရှင်းလင်းဆွေးနွေးပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့စိတ်(ပခုက္ကူ)မှ ဒုတိယရဲအုပ်ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းရင်း၊ လူကုန်ကူးမှုအမျိုးအစားများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနည်းလမ်းများ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါအခမ်းအနားတွင် ပခုက္ကူခရိုင်နှင့်မြို့နယ်အဆင့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များ၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကြကြောင်းသိရသည်။

ဘာမီသာ(ပခုက္ကူ)