မော်လိုက် ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း စက်ချုပ်နည်းပညာသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလှမင်းက အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် ကျွမ်းကျင်သော စက်ချုပ်တတ်သူလူငယ်များ ပေါ်ထွန်းလာစေရန်လည်းကောင်း၊ မိမိတို့၏ စိတ်ကူးဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖန်တီးချုပ်လုပ်နိုင်စေရန်လည်းကောင်း၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီး တစ်ဖက်တစ်လှမ်းမှ မိသားစုဝင်ငွေရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုလိုသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စက်ချုပ်နည်းပညာများကို ဒေါ်ဝင်းမိုးမိုးခန့်က နည်းပြသင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများနှင့် အထည်စများကို လှည့်ပတ်ကြည့်ရှုခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၂၂.၈.၂၀၂၃)ရက်နေ့မှ (၂၀.၉.၂၀၂၃)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လိုက်(ပြန်/ဆက်)