ကံမမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကံမ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖြင့် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍  အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလားဘောလုံးပြိုင်ပွဲကို အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိရာ  ဩဂုတ် ၂၀ ရက်  ညနေ(၃)နာရီက ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ပထမရရှိသည့် ကျောင်းအုပ်စု ကကစ(၁၂)အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးက ဆုဖလားနှင့် ဂုဏ်ပြုဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယရရှိသည့် ကျောင်းအုပ်စု ကကစ(၁၄)အသင်းနှင့်  နေရာအလိုက် ထူးချွန်ဘောလုံးသမားများအား တာဝန်ရှိသူအသီးသီးက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုသို့ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို   ကျောင်းအုပ်စုအလိုက်   ပြိုင်ပွဲဝင်အသင်း (၁၅)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့၍ ဩဂုတ် (၁၀)ရက်နေ့မှ    ဩဂုတ်  (၂၀)ရက်နေ့အထိ (၁၁)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ယမန်နေ့ညနေက ဗိုလ်လုပွဲအား ယှဉ်ပြိုင်ကစားခဲ့ရာ  ကျောင်းအုပ်စု ကကစ(၁၂)အသင်းက ကကစ(၁၄) အသင်းအား သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)