သဲကုန်း​မြို့နယ် အ.ထ.က (သဲကုန်း) ၌ ကျောင်းကျန်းမာရေးသီတင်းပတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသ​ကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ်ယနေ့ နံနက်က အ.ထ.က (သဲကုန်း)သို့ သွားရောက်ပြီး ကျောင်းကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲ၌ ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး သဲကုန်းမြို့၊ ​ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကဟောပြောရာတွင် ဂျပန်ဦးနှောက်ရောင်ရောဂါလက္ခဏာများအကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများနှင့် ရောဂါမဖြစ်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်လိုအပ်ကြောင်း၊ တီဘီရောဂါ အကြောင်းများတို့ကို ဟောပြောခဲ့သည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အခမ်းအနားသို့ တက်ရောက်လာကြသည့် မူလတန်းအရွယ် ကျောင်းသား/ကျောင်းသူများအား သံချဆေးများ တိုက်ကျွေးပေးခဲ့ပြီး အခမ်းအနားသို့ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူ (၂၄၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကျော် (ပြန်၊ဆက်)