သရက်ချောင်း ဩဂုတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မှတ်ပုံတင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် ငွေကြေးခဝါချမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦးက အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသော တာဝန်ရှိသူများနှင့် ပရဟိတအသင်းအဖွဲ့များအား ကျေးဇူးတင်စကားပြောကြားပြီး အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် ငွေကြေးခဝါချမှုဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ မှတ်ပုံတင်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အသင်းအဖွဲ့တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးစီးဆင်းခြင်း/ စီမံခန့်ခွဲသုံးစွဲထောက်ပံ့ကြေးများ ရှောင်ကြဉ်ရန်ကိစ္စ၊ အသင်းအဖွဲ့ဆိုင်ရာ အချက်အလက်များ ပြင်ဆင်ပြောင်းလဲခြင်း၊ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုအဆင့်ဆင့်၊ မှတ်ပုံတင်ရေးအဖွဲ့လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ မှတ်ပုံတင်ရေးအဖွဲ့၊ အဖွဲ့ဝင် ရဲမှူးထွန်းအောင်ကျော်က ငွေကြေးခဝါချမှုဆိုင်ရာကိစ္စရပ်များနှင့် အရေးယူခံရနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းခြင်း၊ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဥပဒေအရာရှိ ဦးထင်အောင်က ငွေကြေးခဝါချမှုဆိုင်ရာဥပဒေများအား အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိဂုံးချုပ်အနေဖြင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)