ပိုင်ကျုံမြို့ အ-ထ-က ပိုင်ကျုံကျောင်း၌ လူငယ်‌ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပိုင်ကျုံ ဩဂုတ်  ၂၂

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက်  အ-ထ-က ပိုင်ကျုံကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အ-ထ-က ပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များ စည်းကမ်းရှိပြီး လူ‌တော်လူကောင်းဖြစ်ဖို့လိုကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူခူးမှလည်းကောင်း၊ အပင်များစိုက်ပျိုးခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် သစ်တော သစ်ပင်ပြုန်းတီးမှုကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများကို  သစ်‌တောဦးစီးဌာနမှ တောခေါင်းဦးစောသန်းအောင်မှလည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ လူကုန်ကူး မှုဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များကို ပိုင်ကျုံနယ်မြေ ရဲစခန်းမှ စခန်းမှူးခိုင်ဝင်းမှလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ အခြေခံပညာကျောင်းများသို့ အသိပညာပေး‌ရေးလုပ်ငန်းကို လစဉ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)