အုတ်တွင်း ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှု၊ ဆန်ကြိတ်ခွဲလည်ပတ်နေမှုနှင့် အ.ထ.က(ခွဲ) နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်နေမှု အခြေအနေများကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီတို့က အုတ်တွင်းမြို့နယ် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စုရှိ တောင်သူဦးစိုးလေး၏ မိုးစပါး GW–11ဧက (၂၀) စိုက်ပျိုးထားရှိမှု အခြေအနေကိုလည်းကောင်း၊ နတ်စင်ကုန်းကျေးရွာအုပ်စုရှိ တောင်သူဦးတင်အုန်း၏ မိုးစပါးထိုင်းနှံကောက် (၁၅)ဧက စိုက်ပျိုးထားရှိမှု အခြေအနေကိုလည်းကောင်း၊ ကြက်သွန်းခင်း(၁)ရပ်ကွက်ရှိ ဦးတရုတ်ကြီးဆန်စက်မှ ဆန်ကြိတ်ခွဲလည်ပတ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စု ဟင်းငုတ်ပင် အ.ထ.က(ခွဲ) နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။ အဆိုပါကျောင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ စတင်ဆောက်လုပ်ခဲ့ပြီး ယခုအချိန်ထိ (၇၀) ရာခိုင်နှုန်း တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)