မင်းဘူးမြို့ အမှတ် (၄) မကြီးချောင်းရပ်ကွက် အခြေခံပညာ(မူလွန်)ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲများ ကျင်းပ

မင်းဘူး  ဩဂုတ်  ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၄) မကြီးချောင်းရပ်ကွက် အခြေခံပညာ (မူလွန်) ကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ အသိပညာပေး ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ပူးပေါင်း ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်ကလေးများအား စာပေဖတ်ရှုခြင်းဖြင့် ကောင်းမွေ၊ ဆိုးမွေများကို ခွဲခြားနိုင်သော အသိပညာ ဗဟုသုတနှင့် တွေးခေါ်မျှော်မြင်နိုင်သော ဉာဏ်ပညာများ ရရှိစေခြင်း၊ အားကစားကိုလိုက်စားခြင်းဖြင့် ကိုယ်ကာယဖွံ့ဖြိုးကာ ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာခြင်း၊ အစားအသောက်များကို မိမိနှင့် သဟဇာတဖြစ်မည့် အစားအသောက်များကို စိစစ်ရွေးချယ် စားသောက်စေသည့်အပြင် ဘေးအန္တရာယ် ဖြစ်စေမည့် အစားအသောက်များကို ရှောင်ကြဉ်စေခြင်းစသော မိမိတို့၏ကဏ္ဍအလိုက် အသိပညာများကို ဟောပြောဆွေးနွေးခဲ့ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ  အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)