အုတ်ဖို ဩဂုတ် ၂၂
ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သင်တန်းပို့ချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.ကအုတ်ဖို ဧရာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ကိုယ်စားဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးက အဖွင့်အမှာစကားပြောကြားပြီး လူမူဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှဦးစီးမှူးဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ထက်ထက်စမ်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ ဥပဒေအကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများ ဆွေးနွေးခြင်းကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသားကျောင်းသူအသီးသီးအား ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ (အုတ်ဖို)