ဘားအံ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျင်းပလျက်ရှိသော မိုးရာသီအားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါတက္ကသိုလ် ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲမှသည် အမိတက္ကသိုလ်ကို ကိုယ်စားပြုနိုင်သော လက်ရွေးစင်အားကစားသမား များအဖြစ် ရည်တည်၍ နိုင်ငံလက်ရွေးစင် အားကစားသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားကြစေလိုကာ မိမိ၏အကျိုး၊ မိသားစုအကျိုးနှင့် တိုင်းပြည်အကျိုးအတွက် တက္ကသိုလ်လက်ရွေးစင်မှသည် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ၊ ထူးချွန်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ဘားအံ) မိုးရာသီအားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Group-A အသင်းနှင့် Group- C အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် Group- C အသင်းက ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုဖလားနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)